21
Oct

“ပျိုးဥယျာဉ်လုပ်ငန်းနှင့်ဇီဝမြေဩဇာထုတ်လုပ်မှုသင်တန်း အမှတ်စဉ် (၁)” သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပခြင်း

 

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ စန္ဒကူးခန်းမ၌ “ပျိုးဥယျာဉ်လုပ်ငန်းနှင့်ဇီဝမြေဩဇာထုတ်လုပ်မှုသင်တန်း အမှတ်စဉ် (၁)” သင်တန်းဖွင့်ပွဲကျင်းပရာ အခမ်းအနားအား ၂၁-၁၀-၂၀၂၄ ရက်နေ့ နံနက် (၉း၀၀) အချိန်တွင် ကျင်းပပြုလုပ် ခဲ့ပါသည်။ အခမ်းအနားသို့ အပူပိုင်းဒေစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဘကောင်း၊ သက်ဆိုင်ရာဌာနခွဲအသီးသီးရှိ ညွှန်ကြားရေးမှူးများ နှင့် အရာထမ်း၊ အမှုထမ်းများ၊ မန္တလေးတိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် အရာထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

အခမ်းအနားတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာ နိုင်ငံအလယ်ပိုင်းအပူပိုင်း မိုးနည်းဒေသများရဲ့ သဘာဝပတ်ဝန်းကျင်အခြေအနေ ပြန်လည်တိုးတတ် ကောင်းမွန်လာစေဖို့နဲ့ ဒေသခံပြည်သူများရဲ့ လူမှုစီးပွားရေးကို အထောက်အကူပြုနိုင်ရန်အတွက်ဌာန ရဲ့ အဓိကလုပ်ငန်းကြီး (၄) ရပ် ဖြစ်တဲ့ သစ်တောစိုက်ခင်းတည်ထောင်ခြင်း၊ သဘာဝတောကျန်များ ထိန်းသိမ်းကာကွယ်ခြင်း၊ ထင်းအစားအခြားလောင်စာတိုးမြှင့်သုံးစွဲခြင်းနှင့် ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်မှာ (၂၇) နှစ် ပြည့်ခဲ့ပြီး ဖြစ်ပါကြောင်း၊ သစ်တောစိုက်ခင်းတည်ထောင်ခြင်းလုပ်ငန်းတွင် ပျိုးဥယျာဉ်တည်ထောင်ခြင်းလုပ်ငန်းသည် အထူးအရေးကြီးလှသော လုပ်ငန်းစဉ်တစ်ခုဖြစ်ပါ ကြောင်း၊ သစ်တောစိုက်ခင်းများအောင်မြင်စေရန်အတွက် အောင်လုံသန်စွမ်းသော ပျိုးပင်များရရှိရေး သည် အလွန်အရေးကြီးပါကြောင်း၊ သင်တန်းသားများအနေဖြင့်သက်ဆိုင်ရာဘာသာရပ်ဆရာများမှ သင်ခန်းစာများအား ပို့ချရာ တွင် မိမိတို့လုပ်ငန်းခွင်အတွေ့အကြုံများနှင့်အခက်အခဲများ အား စာတွေ့ လက်တွေ့ပေါင်းစပ်၍ ဆွေးနွေးကြစေလိုပါကြောင်း၊ သင်တန်းသားများအနေနဲ့ သင်တန်းတတ် ရောက်စဉ် ကာလအတွင်းမှာ သတ်မှတ်ထားတဲ့ သင်တန်းစည်းကမ်းများအား လိုက်နာဆောင်ရွက်ရန် အထူးအလေးပေးမှာကြားလိုပါကြောင်း နှင့် သင်တန်းသားများအနေနှင့်ဦးစီးဌာန၏ လုပ်ငန်းများအား စွမ်းစွမ်းတမံဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားပါသည်။

အဆိုပါ “ပျိုးဥယျာဉ်လုပ်ငန်းနှင့်ဇီဝမြေဩဇာထုတ်လုပ်မှုသင်တန်း အမှတ်စဉ် (၁)” အား အောက်တိုဘာလ (၂၁) ရက်မှ (၂၅) ရက်နေ့အထိ (၅) ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။