
စိမ်းလန်းစိုပြည်ရေး လုပ်ငန်းစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရေးအတွက် ဆွေးနွေးချက်မှတ်တမ်း လက်မှတ်ရေးထိုး

မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ အပူပိုင်းဒေသ စိမ်းလန်း စိုပြည်ရေးဦးစီးဌာနနှင့် ကိုရီးယား အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (KOICA) တို့ ပူးပေါင်း အကောင်အထည် ဖော်ဆောင်ရွက်မည့် Project For Capacity Building For Forest Management to Address Climate Change in Central Dry Zone Of Myanmar လုပ်ငန်းစီမံကိန်းဆိုင်ရာ ဆွေးနွေးချက်မှတ်တမ်း (Record of Discussion- ROD) လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ စီမံကိန်းနှင့်စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံး အစည်းအဝေးခန်းမ၌ ၃၁.၁၂.၂၀၁၃ ရက်နေ့ နံနက် ၁၀ နာရီတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် စီမံကိန်းနှင့်စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင်ထွန်းနှင့် KOICA မြန်မာရုံး ဌာနေကိုယ်စားလှယ် Mr.NAM, Kwon Hyoung တို့မှ အမှာစကား ပြောကြားပြီး လုပ်ငန်းစီမံကိန်းဆိုင်ရာ ဆွေးနွေးချက်မှတ်တမ်း (ROD) ကို အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဌေးအောင် နှင့် KOICA မြန်မာရုံး ဌာနေကိုယ်စားလှယ် Mr.NAM, Kwon Hyoung တို့မှ လက်မှတ်ရေးထိုး လှဲလှယ်ခဲ့ကြပါသည်။
အဆိုပါ လုပ်ငန်းစီမံကိန်းကို KOICA ၏ ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ ၂.၃ သန်းဖြင့် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် အတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ အဓိကစီမံကိန်းလုပ်ငန်းများအနေဖြင့် သစ်တောစိုက်ခင်း တည်ထောင်ခြင်း ၂၄၀ ဟက်တာ (၆၀၀ ဧက)၊ အဝီစိတွင်း တူးဖော်ခြင်း၊ စီမံကိန်းဧရိယာဝန်းကျင်ရှိ ကျေးလက်လမ်းများ အဆင့်မြှင့် ဖောက်လုပ်ခြင်း၊ စီမံကိန်းဧရိယာဝန်းကျင်ရှိ ကျေးရွာ (၂၀) တွင် ကျေးလက်သောက်သုံးရေကန်များ ပြုပြင်တူးဖော်ပေးခြင်း၊ ထင်းချွေတာရေး၊ အေဝမ်းမီးဖိုများ ဖြန့်ဝေပေးခြင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပညာပေး ဟောပြောပွဲများ ကျင်းပခြင်းနှင့် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန ဝန်ထမ်းများအား ကိုရီးယားသမ္မတနိုင်ငံသို့ သစ်တောစိုက်ပျိုးထိန်းသိမ်းရေးဆိုင်ရာ လေ့လာရေးခရီးနှင့် သင်တန်းများ စေလွှတ်ခြင်းတို့ ပါဝင်မည် ဖြစ်ပါသည်။
အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန