
မြန်မာနိုင်ငံအလယ်ပိုင်း၊ အပူပိုင်းဒေသတွင် ဂေဟစနစ်ဝန်ဆောင်မှုများ မြှင့်တင်ခြင်းနှင့် ထင်းအစားအခြားလောင်စာများ တိုးမြှင့်သုံးစွဲခြင်း၏အခန်းကဏ္ဍဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်း


သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေးဦးစီးဌာနနှင့် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) တို့ ပူးပေါင်း၍ “မြန်မာနိုင်ငံအလယ်ပိုင်း၊ အပူပိုင်းဒေသတွင် ဂေဟစနစ်ဝန်ဆောင်မှုများမြှင့်တင်ခြင်းနှင့် ထင်းအစားခြားလောင်စာများ တိုးမြှင့် သုံးစွဲခြင်း၏ အခန်းကဏ္ဍဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ”(Workshop on Promoting Ecosystem Services and the Role of Fuel-wood Substitutes in the Central Dry Zone of Myanmar)ကို ၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၄ ရက်နေ့မှ ၅ ရက်နေ့အထိ အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေးဦးစီးဌာန၊ ဦးစီးရုံးချုပ်၊ စန္ဒကူးခန်းမ၊ မန္တလေးမြို့တွင် (၂)ရက်ကြာ ကျင်းပပြုလုပ် ကြောင်း သတင်းရရှိပါသည်။
အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကို (၄-၈-၂၀၁၆)ရက်နေ့ နံနက် ၈:၃၀ နာရီတွင် ကျင်းပ ပြုလုပ်ရာ အခမ်းအနားသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီ၊ မန္တလေးတိုင်းဒေသကြီး အစိုးရဖွဲ့မှ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ် (ADB)မှ Principal Environment Specialist Mr. Bruce Dunn တို့ တက်ရောက်ကာ အဖွင့်အမှာစကား အသီးသီး ပြောကြားခဲ့ကြပြီး အလုပ်ရုံဆွေးနွေးပွဲသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာနအောက်ရှိ လုပ်ငန်းဌာနအသီးအသီးမှ ကိုယ်စားလှယ်များ၊ ဆက်စပ်ဝန်ကြီးဌာနများမှ ကိုယ်စား လှယ်များ၊ ADB မှ ကျွမ်းကျင်ပညာရှင်များ၊ အငြိမ်းစား သစ်တောပညာရှင်များ၊ FAO/ UNDP/ KOICA အစရှိသည့် နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ အလယ်ပိုင်း အပူပိုင်းဒေသရှိ လောင်စာတောင့်/ စွမ်းအားမြှင့်မီးဖို လုပ်ငန်းရှင်များ၊ ဒေသခံ ပြည်သူများ၊ ဒေသခံ NGOs/ CSOs များနှင့် သတင်းမီဒီယာမှ ကိုယ်စားလှယ်များ စုစုပေါင်း (၁၀၀)ဦးခန့် တက်ရောက် ပါဝင် ဆွေးနွေးကြကြောင်း သိရှိရပါသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် အပူပိုင်းဒေသသစ်တောဂေဟစနစ်ဝန်ဆောင်မှုများ မြှင့်တင်ရေး၊ မြေအသုံးချမှုစနစ်ကောင်းမွန်မှန်ကန်ရေး၊ မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသအတွင်း ထင်းအစား အခြားလောင်စာတိုးမြှင့်သုံးစွဲရေးဆိုင်ရာ ခေါင်းစဉ်များနှင့် စပ်လျဉ်းသည့် စာတမ်း(၈)စောင်ကို ပြည်တွင်း/ပြည်ပ ကျွမ်းကျင်ပညာရှင်များမှ ဖတ်ကြားတင်ပြခြင်း၊ အုပ်စုဖွဲ့ဆွေးနွေးခြင်းနှင့် တက် ရောက်လာသူများမှ ဆွေးနွေးသုံးသပ် အကြံပြုခြင်းများ ပြုလုပ်ဆောင်ရွက်မည်ဖြစ်ပါသည်။
အလုပ်ရုံဆွေးနွေးပွဲကို ဩဂုတ်လ (၅) ရက်နေ့အထိ (၂)ရက်ကြာကျင်းပမည်ဖြစ်ပြီး ယခု ကျင်းပသည့်အလုပ်ရုံဆွေးနွေးပွဲမှ မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသအတွင်း ထင်းအစား အခြား လောင်စာတိုးမြှင့်သုံးစွဲခြင်းဖြင့် သဘာဝတောများအပေါ် မှီခိုမှုလျော့နည်းစေကာ သစ်တော ဂေဟစနစ်များ၏ ဝန်ဆောင်မှုမြင့်မားလာစေမည့် နည်းလမ်းများဖော်ထုတ်နိုင်ခြင်း၊ ဂေဟစနစ် ဝန်ဆောင်မှုများနှင့် သဘာဝအရင်းအမြစ်တန်ဖိုးများဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေခြင်း၊ ဒေသတွင်းစွမ်းအားမြှင့်မီးဖိုထုတ်လုပ်သုံးစွဲမှုများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ထုတ်လုပ်ဆောင်ရွက်လာနိုင်ခြင်း၊ ဒေသတွင်း ထင်းအစားအခြားလောင်စာအမျိုးမျိုး ပိုမိုသုံးစွဲနိုင်မည့်နည်းလမ်းများ ဖော်ထုတ်နိုင်ခြင်းနှင့် တိုးမြှင့်သုံးစွဲနိုင်ခြင်းစသည့် အကျိုးရလဒ်များ ထွက်ပေါ် ရရှိနိုင်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။