17
Jun

မကွေးတိုင်းဒေသကြီးတွင် ၂၀၂၄ ခုနှစ် “ကမ္ဘာ့သဲကန္တာရဖြစ်ထွန်းမှုနှင့် မိုးခေါင်ရေရှားမှုတိုက်ဖျက်ရေးနေ့” အထိမ်းအမှတ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်နှင့် အခမ်းအနားကျင်းပခြင်း

မိုးခေါင်ရေရှားမှုနှင့် သဲကန္တာရဖြစ်ထွန်းမှုကို  ပြင်းထန်စွာ တွေ့ကြုံခံစားနေရသော နိုင်ငံများ အထူးသဖြင့်      အာဖရိကနိုင်ငံများတွင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်လည်းကောင်း၊ ၁၉၉၂ ခုနှစ် ကုလသမဂ္ဂ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်  ဖွံ့ဖြိုးမှု ညီလာခံကြီးမှချမှတ်ခဲ့သည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ  ၂၁ ရာစု အစီအစဉ်၏ ပြဌာန်းချက်များနှင့်အညီ    မြေယာထုတ်ကုန်စွမ်းအားများကို တိုးမြှင့်ရေး၊ မြေနှင့်ရေ အရင်းအမြစ်ကို ရေရှည်သုံးစွဲနိုင်ရေးအတွက် နိုင်ငံအဆင့်၊ ဒေသအဆင့်နှင့် အပြည်ပြည်ဆိုင်ရာအဆင့် အသီးသီးတွင် မဟာဗျူဟာများချမှတ်ပြီး ထိရောက်စွာ ဆောင်ရွက်သွားရန်လည်းကောင်း ရည်ရွယ်၍   “ကမ္ဘာ့သဲကန္တာရဖြစ်ထွန်းမှုနှင့် မိုးခေါင်ရေရှားမှု  တိုက်ဖျက်ရေးနေ့” အထိမ်းအမှတ်     စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို   (၁၇-၆-၂၀၂၄)ရက်နေ့   နံနက် (၀၇း၀၀)နာရီ  အချိန်တွင် မကွေးတိုင်းဒေသကြီး၊ သင်ကြားရေးဆေးရုံဝင်း၌ လည်းကောင်း၊ အထိမ်း အမှတ်အခမ်းအနားကို နံနက် (၀၉:၃၀)နာရီ အချိန်တွင် မကွေး တိုင်းဒေသကြီး၊ မြို့တော်ခန်းမ၌ လည်းကောင်း ကျင်းပခဲ့ပါသည်။

စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်သို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် နှင့်တကွ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လုပ်ငန်း/ ဌာနများမှ ဌာနဆိုင်ရာအကြီးအကဲများ၊ ဆေးတက္ကသိုလ် ကျောင်းသား/သူများ၊ နည်းပညာတက္ကသိုလ် ကျောင်းသား/သူများ၊     အ.ထ.က (ကံပြား) မှ ကျောင်းသား/ သူများ၊ သင်ကြားရေးဆေးရုံမှ ဝန်ထမ်းများ၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ဝန်ထမ်းများ စုစုပေါင်းအင်အား(၇၅၀)ဦး တက်ရောက်ခဲ့ကြပြီး တမာသစ်မျိုးနှင့် ခရေသစ်မျိုး စုစုပေါင်း(၇၅၀)ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြပါသည်။

          

နံနက်(၀၉း၃၀)နာရီ အချိန်တွင် “ကမ္ဘာ့သဲကန္တာရဖြစ်ထွန်းမှုနှင့်မိုးခေါင်ရေရှားမှုတိုက်ဖျက်ရေးနေ့” အထိမ်းအမှတ်အခမ်းအနားကို မကွေးတိုင်းဒေသကြီး၊ မြို့တော်ခန်းမ၌ ဆက်လက် ကျင်းပ ဆောင်ရွက်ခဲ့ပြီးသယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးခင်မောင်ရီ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် နှင့်တကွ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီး များ၊ လုပ်ငန်း/ ဌာနများမှ ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ စုစုပေါင်းအင်အား(၃၀၀) တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ မှ မြန်မာနိုင်ငံ      ဧရိယာစုစုပေါင်း၏ (၂၀)  ရာခိုင်နှုန်းခန့် ပမာဏရှိသော အလယ်ပိုင်း အပူပိုင်းဒေသသည် ပထဝီဝင်အခြေအနေအရ ရခိုင်ရိုးမနှင့်ရှမ်းရိုးမ တောင်စဉ်တောင်တန်းများအကြား တည်ရှိနေပြီး သဘာဝအားဖြင့် မိုးကွယ်အရပ်ဖြစ်၍ နှစ်စဉ်မိုးရွာသွန်းမှု အခြေအနေသည် နိုင်ငံ၏အခြားဧရိယာများနှင့် နှိုင်းယှဉ်လျှင် သိသာစွာလျော့နည်းရရှိပြီး ဒေသတစ်ခုလုံး၏ နှစ်စဉ် ပျမ်းမျှမိုးရေချိန်သည် လက်မ(၄၀)အောက်သာရရှိပါကြောင်း၊ မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်း ဒေသ၏ လူဦးရေပမာဏအရအခြားဒေသများထက် ပိုမိုမြင့်မားပြီး ဆိတ်၊ သိုး၊ နွား မွေးမြူခြင်း တွင်လည်း ရာခိုင်နှုန်းအားဖြင့် အများဆုံးဖြစ်သည့်အတွက် မူလကပင် ရာသီဥတုကြမ်းတမ်းပြင်းထန်ပြီး သဘာဝအရင်းအမြစ် ရှားပါးသော အလယ်ပိုင်းဒေသ၏ ပတ်ဝန်းကျင် အခြေအနေသည် ရေရှည်စဉ်ဆက်မပြတ် တည်ရှိစေရေးအတွက် ဖိစီးမှုများအား တစ်နှစ်ထက် တစ်နှစ်ပို၍ ရင်ဆိုင်ကြုံ တွေ့နေရပါကြောင်း၊ ပြင်းထန်သောရာသီဥတုနှင့်အတူ အပူပိုင်းဒေသရှိ အပေါ်ယံမြေဆီလွှာတိုက် စားခံရခြင်း၊ မြေဆီလွှာနည်းပါးလာခြင်း၊ မြေအဆင့်အတန်း ကျဆင်း လာပြီး သီးနှံအထွက်နှုန်း လျော့ နည်းလာပါကြောင်း၊ လက်ရှိရင်ဆိုင်နေရသော ရာသီဥတုပြောင်းလဲမှု၊ အပူချိန်တိုးမြင့်လာမှု နှင့်  နောက် ဆက်တွဲအကျိုးဆက်များကို တုံ့ပြန်ဖြေရှင်းနိုင်ရန် သဘာဝ ကိုအခြေခံသော နည်းလမ်းတစ်ခုဖြစ်သော သစ်ပင်စိုက်ပျိုးရန် နည်းလမ်းသည် အကောင်းဆုံး နည်း လမ်း တစ်ခုဖြစ်ပါကြောင်း၊ နိုင်ငံအဆင့်သဲကန္တာရတိုက်ဖျက်ရေး စီမံချက်များရေးဆွဲ အကောင် အထည်ဖော်ဆောင်ရွက်လျက် ရှိပြီး အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးအတွက် နည်းလမ်းမျိုးစုံဖြင့် သစ်တောစိုက်ခင်းများတည် ထောင်စိုက်ပျိုးခြင်း၊ သဘာဝတောကျန်များ ပြုစုထိန်းသိမ်း ကာကွယ်ခြင်းလုပ်ငန်းများကို အရှိန် အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပြီး အပူပိုင်းဒေသရှိ ကျေးရွာတိုင်းတွင် အနည်းဆုံး တစ်ရွာနှစ်ဧက ထင်းစိုက်ခင်းများ၊ သစ်တောစိုက်ခင်းများ၊ တစ်အုပ်တစ်မစိုက်ခင်းများ တည်ထောင်နိုင်ရေးနှင့် ဒေသမျိုးရင်းသစ်မျိုးများ အသုံးပြုစိုက်ပျိုးနိုင်ရေး အရှိန်အဟုန်ဖြင့် ဆောင် ရွက်လျက်ရှိပါကြောင်း၊ ၎င်းစီမံချက်များကိုအကောင် အထည်ဖော်ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်း တစ်ခုတည်းက ဆောင်ရွက်ခြင်းမျိုးမဟုတ်ဘဲ ဌာနဆိုင်ရာများအားလုံး၊ ပြည်သူအားလုံးပူးပေါင်း ပါဝင် ဆောင်ရွက်မှသာ  ပိုမိုအောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ အထူးသဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းအပူပိုင်းဒေသများ၏ ပူပြင်းခြောက်သွေ့မှုနှင့် အပူချိန် မြင့်မား မှုများကို လျှော့ချရန်နှင့် တုံ့ပြန်ကာကွယ်နိုင်ရန် စိမ်းလန်းစိုပြည်သော၊ ရာသီဥတုမျှတ ကောင်းမွန် သော၊ စဉ်ဆက် မ ပြတ် ဖွံ့ဖြိုးတိုးတက်နေသော ဒေသကြီးဖြစ်ပေါ်လာစေရန်အတွက် သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောများထိန်းသိမ်းခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဝိုင်းဝန်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က “ကမ္ဘာ့သဲကန္တာရ ဖြစ်ထွန်းမှု နှင့်မိုးခေါင်ရေရှားမှုတိုက်ဖျက် ရေးနေ့”အတွက် ဂုဏ်ပြုအမှာစကား မြွက်ကြားခြင်း၊ အခမ်းအနားသို့ တက်ရောက်လာသူများအား “ကမ္ဘာ့သဲကန္တာရ ဖြစ်ထွန်းမှု နှင့် မိုးခေါင်ရေရှားမှုတိုက်ဖျက်ရေးနေ့” ဆိုင်ရာအကြောင်းအရာများကိုဗီဒီယိုဖိုင်များပြသခြင်း၊ အထိမ်းအမှတ်နေ့အတွက် တက္ကသိုလ်အဆင့် ဆောင်းပါးပြိုင်ပွဲနှင့် အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိသူများအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ချီးမြှင့်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် သယံ ဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်တို့က အခမ်းအနားသို့တက်ရောက်လာသူများနှင့် စုပေါင်း မှတ် တမ်းဓာတ်ပုံရိုက်ကူးပြီး ၂၀၂၄ခုနှစ် “ကမ္ဘာ့သဲကန္တာရဖြစ်ထွန်းမှုနှင့်မိုးခေါင်ရေရှားမှု တိုက်ဖျက်ရေး နေ့” အထိမ်းအမှတ်ပြခန်းများကို လှည့်လည်ကြည့်ရှု၍ နေ့လယ် (၁၂:၀၀)နာရီ အချိန်တွင် အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။