14
Jun

ကမ္ဘာ့သဲကန္တာရဖြစ်ထွန်းမှုနှင့် မိုးခေါင်ရေရှားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဂုဏ်ပြုဆောင်းပါး

ကမ္ဘာ့သဲကန္တာရဖြစ်ထွန်းမှုနှင့် မိုးခေါင်ရေရှားမှုတိုက်ဖျက်ရေးနေ့

(World Day to Combat Desertification and Drought)

သက်ရှိလူသားများ အပါအဝင် အပင်၊ တိရိစ္ဆာန်၊ ဇီဝမျိုးစုံမျိုးကွဲများ မှီတင်းနေထိုင်ရာ ဤကမ္ဘာပေါ်တွင် မြေအရည်အသွေးကျဆင်းခြင်း၊ မိုးခေါင်ရေရှားခြင်းနှင့် သဲကန္တာရဖြစ်ပေါ် ခြင်းစသည့် ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှု ဖြစ်စဉ်များသည် ကျွန်ုပ်တို့၏ ရေရှည်ရှင်သန်ရပ် တည်မှုအတွက် အဓိကစိန်ခေါ်မှုများဖြစ်ပါသည်။ ကမ္ဘာ့မြေထု၏ ၄၀%နှင့်အထက်သည် မြေအရည်အသွေး နိမ့်ကျပျက်စီးလျက်ရှိကာ ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ခန့်သည် ၎င်း၏ အကျိုးဆက်များကို ရင်ဆိုင်တွေ့ကြုံခံစားရလျက်ရှိပါသည်။ အရည်အသွေးကောင်းမွန်သော မြေသယံဇာတသည် ကျွန်ုပ်တို့အတွက် အစားအစာထောက်ပံ့ပေးရုံ သာမက အဝတ်အထည်၊ စားဝတ်နေရေးနှင့်မိုးခေါင်ခြင်း၊ ရေကြီးခြင်းအစရှိသည့် သဘာဝဘေးအန္တရာယ်များမှလည်း ၉၅% အကာအကွယ်ပေးနိုင်ပါသည်။ လက်ရှိအချိန်တွင် လူဦးရေ တိုးပွားလာခြင်းနှင့်အတူ အခြေခံစားဝတ်နေရေး လိုအပ်ချက်များနှင့် ခေတ်မီစက်ပစ္စည်းကိရိယာများ ထုတ်လုပ်သုံးစွဲ ရန်အတွက် သဘာဝသယံဇာတများအပေါ် ရေရှည်တည်တံ့ခိုင်မြဲမှုမရှိသော ထုတ်လုပ်သုံးစွဲ ခြင်းများနှင့် မြေသယံဇာတအပေါ် အလွန်အမင်းမှီခိုမှုများက မြေအရည်အသွေးကျဆင်းမှုကို ဖြစ်ပေါ်စေလျက်ရှိပါသည်။ ကမ္ဘာတဝှမ်းတွင် မြေဆီလွှာခမ်းခြောက်ခြင်း၊ သဲကန္တာရဖြစ်ထွန်း ခြင်းနှင့် မိုးခေါင်ရေရှားခြင်း ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာရွေ့ပြောင်းနေထိုင်ခြင်း ကဲ့သို့ သောကိစ္စရပ်များဆီသို့ ဦးတည်လျက်ရှိပြီး နှစ်စဉ် လူဦးရေ ၁၀ သန်းခန့်သည် အဆိုပါ ပြဿနာနှင့် ရင်ဆိုင်ရလျက်ရှိပါသည်။ လက်ရှိနေထိုင်လျက်ရှိသော ကမ္ဘာ့လူဦးရေ ၈ ဘီလီယံ ကျော်အနက် အသက်အပိုင်းအခြားအရ ၂၅နှစ် အောက်ရှိသော လူဦးရေ ၁ ဘီလီယံနှင့် အထက်သည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နေထိုင်လျက်ရှိပြီး ၎င်းတို့အနေဖြင့် မြေသယံဇာတ အပါအဝင် သဘာဝသယံဇာတများအပေါ် အလွန်အမင်းမှီခို အားထားနေကြရပါသည်။ အဆိုပါ လူငယ်များအတွက် စီးပွားရေးစွန့်ဦးတီထွင်မှု အခွင့်အလမ်းကောင်းများ၊ ရာသီဥတုနှင့် လိုက်လျောညီထွေစွာ နေထိုင်ခြင်းတို့ကဲ့သို့သော အလေ့အကျင့်ကောင်းများအား ဖော်ထုတ် မြှင့်တင်ပေးခြင်းဖြင့် မြေသယံဇာတအပေါ်မှီခိုနေရသော ကျေးလက်နေပြည်သူလူထုအတွက် ကောင်းမွန်သော အနာဂတ်မျှော်လင့်ချက်များ ဖန်တီးပုံဖော်ပေးရန် လိုအပ်လျက်ရှိပါသည်။ အလားတူ မြေသယံဇာတများ ပြန်လည်ကောင်းမွန်အောင်ပြုပြင် ဆောင်ရွက်ပေးခြင်းဖြင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် ရာသီဥတုပြောင်းလဲမှု ဒဏ်ခံနိုင်ရည်ရှိမှုအား တိုးမြှင့်ပေးရာ ရောက်စေမည်ဖြစ်ပါသည်။

လက်ရှိ ကမ္ဘာပေါ်တွင် တစ်စက္ကန့်လျှင် ဘောလုံးကွင်း ၄ ကွင်းစာနှင့် ညီမျှသည့် မြေသယံဇာတများသည် အရည်အသွေးကျဆင်းလျက်ရှိပြီး နှစ်စဉ်မြေဧရိ ယာ ဟက်တာ သန်း ၁၀၀ ခန့်သည် မြေအရည်အသွေးကျဆင်းလျက်ရှိကြောင်းနှင့် ကမ္ဘာ့လူဦးရေ၏ လေးပုံတစ်ပုံ သည် မိုးခေါင်ရေရှားမှုဒဏ်ကို ခံစားနေရကြောင်း ကုလသမဂ္ဂသဲကန္တာရ တိုက်ဖျက်ရေး ကွန်ဗင်းရှင်း (United Nations Convention to Combat Desertification-UNCCD)မှ ထုတ်ပြန်သော အချက်အလက်များအရ သိရှိရပါသည်။

ထိုကဲ့သို့ သက်ရှိလူသားများနှင့် ဇီဝမျိုးစုံမျိုးကွဲအားလုံးအတွက် အန္တရာယ်ကြီးတစ်ခု ဖြစ်သော သဲကန္တာရဖြစ်ထွန်းမှုအား ကမ္ဘာ့နိုင်ငံများအားလုံး၏ စုပေါင်းစွမ်းအားဖြင့် ကာကွယ် တားဆီးနိုင်‌ရန် ကုလသမဂ္ဂသဲကန္တာရတိုက်ဖျက်ရေး ကွန်ဗင်းရှင်း (United Nations Convention to Combat Desertification-UNCCD)ကို ၁၉၉၄ ခုနှစ်၊ ဇွန်လ (၁၇)ရက်နေ့တွင် ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့၌ စတင်ဖွဲ့စည်းခဲ့ပြီး၊ ကွန်ဗင်းရှင်းသည် ၁၉၉၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့မှ စတင်၍ အကျိုးသက်ရောက်မှု ရှိခဲ့ပါသည်။ UNCCD အား စတင်ဖွဲ့စည်းခဲ့သည့် ဇွန်လ(၁၇)ရက်နေ့မှ ယနေ့အချိန်ထိ ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံပေါင်း (၁၉၇)နိုင်ငံရှိပြီး အဆိုပါ နိုင်ငံများအနက်မှ (၁၆၉)နိုင်ငံသည် သဲကန္တာရဖြစ်ပေါ်မှုနှင့် သက်ဆိုင်သည့် ဆိုးကျိုးများကို လက်တွေ့ခံစားနေကြရပါသည်။ မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် သဲကန္တာရဖြစ်ထွန်းမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်း (UNCCD)၏ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့ပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက မြန်မာနိုင်ငံ၏ Focal Ministry အဖြစ်လည်းကောင်း အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနက မြန်မာနိုင်ငံ၏ Focal Department အဖြစ်လည်းကောင်း မြေဆီလွှာထိန်းသိမ်းရေးနှင့် သဲကန္တာရဖြစ်ထွန်းမှု တိုက်ဖျက်ရေးလုပ်ငန်းများကို ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါသည်။ UNCCD စတင်ဖွဲ့စည်းခဲ့ သည့် ဇွန်လ(၁၇)ရက်နေ့အား ကမ္ဘာ့သဲကန္တာရဖြစ်ထွန်းမှုနှင့် မိုးခေါင်ရေရှားမှုတိုက်ဖျက်ရေး နေ့(World Day to Combat Desertification and Drought)အဖြစ် သတ်မှတ်ခဲ့ပြီး ကမ္ဘာ အဝှမ်း အထိမ်းအမှတ်အခမ်းအနားများ၊ အသိပညာပေးမှုများ၊ စိမ်းလန်းစိုပြည်ရေးလှုပ်ရှားမှု များဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဇွန်လ(၁၇)ရက်နေ့သည် UNCCD ဖွဲ့စည်းခြင်း နှစ် (၃၀)ပြည့် အခမ်းအနားနှင့် တိုက်ဆိုင်လျက်ရှိပါသည်။

၂၀၂၄ ခုနှစ်၊ ကမ္ဘာ့သဲကန္တာရဖြစ်ထွန်းမှုနှင့် မိုးခေါင်ရေရှားမှုတိုက်ဖျက်ရေးနေ့ (World Day to Combat Desertification and Drought)အတွက်  UNCCD က သတ်မှတ်ထားသည့် ဆောင်ပုဒ်မှာ “(United for Land: Our Legacy. Our Future.)” “ကျွန်ုပ်တို့၏ အမွေအနှစ်၊ ကျွန်ုပ်တို့၏ အနာဂတ်ဖြစ်သော ကမ္ဘာမြေကို ဝိုင်းဝန်းစောင့်ရှောက်ကြပါစို့” ဖြစ်ပါသည်။ ကမ္ဘာ့နိုင်ငံအသီးသီးရှိ လူသားများအတွက် အဖိုးအနဂ္ဂထိုက်တန်သော မြေသယံဇာတအရင်း အမြစ်ကို ထာဝစဉ်တည်တံ့စွာနှင့် အကျိုးရှိရှိအသုံးပြုနိုင်ရေးအတွက် အနာဂတ်မြေသယံဇာတ ကြီးကြပ်အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်အပေါ် မီးမောင်းထိုးပြသလိုမှုအား ရည်ရွယ်၍ သတ်မှတ် ပေးထားခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံအနေဖြင့် ၂၀၂၄ ခုနှစ် ဇွန်လ (၁၇)ရက်နေ့တွင် ကမ္ဘာ့ သဲကန္တာရဖြစ်ထွန်းမှုနှင့် မိုးခေါင်ရေရှားမှုတိုက်ဖျက်ရေးနေ့ (World Day to Combat Desertification and Drought) အခမ်းအနားကို အပူပိုင်းဒေသဖြစ်သော မကွေးတိုင်း ဒေသကြီး၊ မကွေးမြို့တွင် နိုင်ငံတော်အဆင့် ကျင်းပပြုလုပ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

UNCCD မှပေးပို့သည့် ၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၇)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့သဲကန္တာရ ဖြစ်ထွန်းမှု နှင့် မိုးခေါင်ရေရှားမှုတိုက်ဖျက်ရေးနေ့ (World Day to Combat Desertification and Drought) အထိမ်းအမှတ်အခမ်းအနား ပိုစတာနှင့် ဆောင်ပုဒ်

UNCCD ၏ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသသည် သဲကန္တာရဖြစ်ထွန်းရန် အလားအလာရှိသော ဧရိယာများစာရင်းတွင်ပါဝင်ပါသည်။ မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံ၏ အလယ်ပိုင်း အပူပိုင်းဒေသတွင် မြေအရည်အသွေးကျဆင်းမှုနှင့် သဲကန္တာရ ဖြစ်ထွန်းမှုကို တားဆီးကာကွယ်ရန် ခေတ်အဆက်ဆက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါသည်။ ၁၉၅၃ ခုနှစ်မှ ၁၉၆၂ ခုနှစ်အတွင်း မြေယာကျေးလက်ကြီးပွား တိုးတက်ရေးကော်ပိုရေးရှင်း (မြေ-ကျေး-ရှင်း)ဖွဲ့စည်းပြီး ဒေသအတွင်း သစ်တောစိုက်ခင်းများ တည်ထောင်ခြင်းလုပ်ငန်း များကို စတင်ဆောင်ရွက်ခဲ့ပါသည်။ ၁၉၅၄ ခုနှစ်တွင် “အပူပိုင်းဒေသကျေးရွာသုံးထင်းစိုက်ခင်း စီမံကိန်း” လုပ်ငန်းများ၊ ၁၉၅၇ ခုနှစ်တွင် သစ်တောစံပြ စိုက်ကွက်များ တည်ထောင်၍ ကျေးရွာသားများ ကိုယ်တိုင်ပါဝင် စိုက်ပျိုးတည်ထောင်ခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။

၁၉၆၃ ခုနှစ်မှ ၁၉၈၁ ခုနှစ်အတွင်း သစ်တောဦးစီးဌာနက ဆက်လက် တာဝန်ယူ ဆောင်ရွက်ခဲ့ပြီး ရေဝေရေလဲသစ်တောများ ပြန်လည်တည်ထောင်ခြင်း၊ ကျေးရွာသစ်တော များနှင့် စံပြသစ်တောများကို ဦးစားပေးတည်ထောင်ခြင်း၊ မြို့နယ်၊ ကျေးရွာအနှံ့ နှစ်စဉ်ပျိုးပင် များကို အခမဲ့ဖြန့်ဝေလျက် ပြည်သူလူထုအားဖြင့် သစ်ပင်စိုက်ပျိုးခြင်းများကို ဆောင်ရွက် ခဲ့ပါသည်။

၁၉၉၄ ခုနှစ်တွင် အပူပိုင်းဒေသ ကိုးခရိုင်စိမ်းလန်းစိုပြည်ရေးစီမံကိန်းကို အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။ စီမံကိန်းအစပြုချိန် ခရိုင်ကိုးခုဖြင့် အစပြုဆောင်ရွက်ခဲ့ပြီး ၁၉၉၅-၁၉၉၆ ခုနှစ်တွင် အပူပိုင်းဒေသအတွင်းရှိ ရွှေဘိုခရိုင်၊ ညောင်ဦးခရိုင်၊ ဂန့်ဂေါခရိုင် စသည့် သုံးခရိုင် ပါဝင်လာခြင်းကြောင့် အထူးဒေသ(၁၃)ခရိုင် စိမ်းလန်းစိုပြည်ရေးလုပ်ငန်း စီမံကိန်းအဖြစ် တိုးချဲ့ဆောင်ရွက်ခဲ့ပါသည်။ စီမံကိန်းများမှ ရရှိသည့် အကျိုးရလဒ်များကို ရေရှည်ဆက်လက်ထိန်းသိမ်း‌‌ဆောင်ရွက်သွားနိုင်ရန်နှင့် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး လုပ်ငန်းကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ၁၉၉၇ ခုနှစ်၊ ဇူလိုင်လ(၂၂)ရက်နေ့တွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန ကို ဖွဲ့စည်းတည်ထောင် ခဲ့ပါသည်။

အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနအနေဖြင့် နှစ်(၃၀) ဘက်စုံပင်မစီမံကိန်း (၂၀၀၀- ၂၀၀၁ ခုနှစ်မှ ၂၀၃၀-၂၀၃၁ ခုနှစ်အထိ) ရေးဆွဲ၍ ရည်ရွယ်ချက် (၈)ရပ် ချမှတ်ကာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ ဌာန၏ ရည်ရွယ်ချက်(၈)ရပ်တွင် သဲကန္တာရ ဖြစ်ထွန်းမှုကို ကာကွယ်တားဆီးရန်ဆိုသည့်အချက်အား ရည်ရွယ်ချက်တစ်ရပ် အဖြစ် ထည့်သွင်းထားရှိပြီး အောက်ဖော်ပြပါလုပ်ငန်းများအား မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်း‌ဒေသ များဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ မ‌‌‌ကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး တို့ရှိ ခရိုင်(၁၃)ခရိုင်၊ မြို့နယ်(၅၃)မြို့နယ်တွင် နှစ်စဉ်လုပ်ငန်းလျာထားချက်များချမှတ်၍ အစဉ် တစိုက်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ သိသာထင်ရှားသည့် ရလဒ်နှင့် အောင်မြင်မှုများ ရရှိခဲ့ပါသည်။

(က) သစ်တောစိုက်ခင်းများတည်ထောင်ခြင်း (စ)

(ခ)   သဘာဝတောကျန်များထိန်းသိမ်းကာကွယ်ခြင်း (ထ)

(ဂ)   ထင်းအစားအခြားလောင်စာတိုးမြှင့်အသုံးချရေး ဆောင်ရွက်ခြင်း (ထ)

(ဃ) ရေရရှိရေးအကောင်အထည်ဖေါ်ဆောင်ရွက်ခြင်း (ရ)

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အောက်ရှိ သစ်တော ဦးစီးဌာနအနေဖြင့်လည်း အမျိုးသားသစ်တောကဏ္ဍ နှစ်(၃၀)ပင်မစီမံကိန်း (၂၀၀၁-၂၀၀၂ မှ ၂၀၂၀ -၂၀၃၁ အထိ)အရ မြန်မာနိုင်ငံ သစ်တောများ ပြန်လည်တည်ထောင်ရေးစီမံကိန်း (Myanmar Reforestation and Rehabilitation Programme-MRRP) (၂၀၁၇-၂၀၁၈ မှ ၂၀၂၆-၂၀၂၇ အထိ)ရေးဆွဲ၍ အပူပိုင်းဒေသများ အပါအဝင် ဂေဟစနစ် အမျိုးမျိုးရှိ တောနိမ့်၊ တောပျက်များ တွင် စိုက်ခင်းများတည်ထောင်ခြင်း၊ မြစ်၊ ချောင်း၊ အင်း၊ အိုင်ပတ်ဝန်းကျင်နှင့် ကမ်းရိုးတန်းတစ်လျှောက် သဘာဝသစ်ပင် သစ်တော ဂေဟစနစ်များ ထိန်းသိမ်းခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။

အလားတူ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ မြန်မာနိုင်ငံရာသီဥတုပြောင်းလဲမှု ဆိုင်ရာမူဝါဒ၊ မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာ(၂၀၁၈-၂၀၃၀)၊ မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပင်မလုပ်ငန်းအစီအစဉ်(၂၀၁၈-၂၀၃၀)တို့ကို ရေးဆွဲ၍ ရာသီဥတုပြောင်းလဲမှုလျှော့ချရေး လုပ်ငန်းစဉ်များအား သက်ဆိုင်ရာ ဆက်စပ် ဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိပါသည်။

ထို့အပြင် အခြားဆက်စပ်ဌာနများဖြစ်သည့် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီး ဌာနများအနေဖြင့်လည်း မြန်မာနိုင်ငံအလယ်ပိုင်းအပူပိုင်းဒေသအတွင်း သဲကန္တာရဖြစ်ထွန်း နိုင်မှု၊ မိုးခေါင်ရေရှားမှုနှင့် မြေဆီလွှာအရည်အသွေးကျဆင်းမှု တိုက်ဖျက်ရေးလုပ်ငန်းများကို ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

သို့ဖြစ်ပါ၍ ၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၇)ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့သဲကန္တာရ ဖြစ်ထွန်းမှုနှင့် မိုးခေါင်ရေရှားမှုတိုက်ဖျက်ရေးနေ့ (World Day to Combat Desertification and Drought) ၏ ဆောင်ပုဒ်ဖြစ်သည့်  “ ကျွန်ုပ်တို့၏ အမွေအနှစ်၊ ကျွန်ုပ်တို့၏ အနာဂတ် ဖြစ်သော ကမ္ဘာမြေကို ဝိုင်းဝန်းစောင့်ရှောက်ကြပါစို့” “(United for Land: Our Legacy. Our Future.)” နှင့်အညီ လူသားနှင့် ဇီဝမျိုးစုံမျိုးကွဲတို့ ရှင်သန်ရပ်တည်မှုအတွက် အထူးအရေးပါ သည့် မြေသယံဇာတအရင်းအမြစ်အား ထာဝစဉ်တည်တံ့စွာ အကျိုးရှိရှိအသုံးပြုနိုင်ရေး အတွက် ကျွန်ုပ်တို့အားလုံး ( ဒေသခံပြည်သူလူထု၊ အစိုးရဌာနဆိုင်ရာများ၊ နိုင်ငံတကာအဖွဲ့ အစည်းများ၊ NGO/INGO များ) ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါစို့ဟု တိုက်တွန်းနှိုးဆော်၍ ကုလသမဂ္ဂသဲကန္တာရဖြစ်ထွန်းမှု တိုက်ဖျက်ရေးကွန်ဗင်းရှင်း(UNCCD)ဖွဲ့စည်းခြင်း နှစ်၃၀ပြည့် အထိမ်းအမှတ်အခမ်းအနားအား မှတ်တမ်းတင်ဂုဏ်ပြုရေးသားလိုက်ရပါသည်။

 

 

ကိုးကား-      https://www.un.org>blog>2024/02

https://www.unccd.int/DDD2024

https://www.monrec.gov.mm

https://www.dryzonegreening.gov.mm

အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ နှစ်(၂၀)ပြည့် အထိမ်းအမှတ်မှတ်တမ်းစာအုပ် (၁၉၉၇-၂၀၁၇)

အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၏ Annual & Evaluation Report(၂၀၁၇-၂၀၁၈)ဘဏ္ဍာနှစ် မှ (၂၀၂၂-၂၀၂၃)

ဘဏ္ဍာနှစ်အထိ

ကဋ(စိမ်း/စို)