ပတ်၀န်းကျင်ထိန်းသိမ်းရေး

     ကမ္ဘာကြီးပူနွေးလာခြင်းနှင့် ရာသီဥတုပြောင်းလဲခြင်းဖြစ်စဉ်များ၏ အကျိုးဆက်အဖြစ် သဘာဝ ဘေးအန္တရာယ်ကျရောက်မှုများကြောင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နေရာအနှံ့အပြား၌ လူသားများ၏ အသက် အိုးအိမ် စည်းစိမ်ဆုံးရှုံးမှုများ နှစ်စဉ်ကြုံတွေ့လျက်ရှိရာ မြို့ပြနှင့် ကျေးလက်နေပြည်သူများအတွင်း ပတ်ဝန်းကျင်ကို ထိန်းသိမ်းလိုသည့် အသိစိတ်ဓာတ်များ ရှင်သန်လာစေရေးနှင့် ပူးပေါင်းပါဝင်လာစေရေးသည် အနာဂတ်မြေကမ္ဘာ၊ ကျန်းမာစွာ ရှည်ကြာ တည်တံ့စေရေးအတွက် အရေးကြီးသောလုပ်ငန်းတစ်ရပ်ဖြစ်သဖြင့် အပူပိုင်းဒေသ စိမ်းလန်း စိုပြည်ရေးဦးစီးဌာနအနေဖြင့် နိုင်ငံတော်အကြီးအကဲ၏ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာ အသိပညာပေးလှုပ်ရှားမှုများဆောင်ရွက်ရန် လမ်းညွှန်ချက်ကို အကောင်အထည်ဖော် ဆောင်ရွက် ရေးအတွက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး လှုပ်ရှားမှုများ လုပ်ငန်းစီမံချက် ကို ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

ရည်ရွယ်ချက်

     အောက်ဖော်ပြပါရည်ရွယ်ချက်များဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပါမည်-

(က) သဘာဝပတ်ဝန်းကျင်ပျက်စီးခြင်းကြောင့် ဖြစ်ပေါ်ခံစားရသည့် ဆိုးကျိုးများအား သိရှိနားလည် သဘောပေါက်ပြီး လက်ဆင့်ကမ်းပညာပေးခြင်းဖြင့် ပတ်ဝန်းကျင် ကို ထိန်းသိမ်းလိုစိတ်များ ရှင်သန်တိုးပွားလာစေရန်။

(ခ) ထင်းလောင်စာလျော့နည်းသက်သာစေသည့် စွမ်းအားမြှင့်အေဝမ်းမီးဖိုများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲလာစေရေး စည်းရုံးပညာပေးခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အထောက်အကူဖြစ်စေရန်။

(ဂ) ပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေသည့် အကြောင်းအရင်းများအနက် စိန်ခေါ်မှု တစ်ရပ်အဖြစ် ခြိမ်းခြောက်လာသော စွန့်ပစ်အမှိုက်များအား စနစ်တကျ စွန့်ပစ်တတ်သည့် အလေ့အကျင့်ကောင်းများကို ပြည်သူများအား အသိပညာပေး ခြင်းဖြင့် ပတ်ဝန်းကျင်ပျက်စီးမှု လျော့နည်းသက်သာစေရန်။

(ဃ) သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတွင် အရေးပါသည့် သစ်တော၊ သစ်ပင်များ စိုက်ပျိုးပြုစု၊ ထိန်းသိမ်းသုံးစွဲခြင်းလုပ်ငန်းများတွင် ဒေသခံများကိုယ်တိုင် တက်ကြွစွာပူးပေါင်းပါဝင်သည့် ပြည်သူဗဟိုပြုစနစ် ဖြစ်ပေါ်လာစေရေးကို အထောက်အကူ ပြုစေရန်။

စီမံချက်ကာလ

     ဤစီမံချက်ပါ လုပ်ငန်းစဉ်များကို ၂၀၁၃ခုနှစ်၊ ဇွန်လမှ စက်တင်ဘာလအတွင်း အကောင်အထည်ဖော်ဆောင်ရွက်သွားပါမည်။

လုပ်နည်း

    အကြမ်းဖျဉ်းစီမံချက်      အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး တို့ရှိ ခရိုင်(၁၂)ခရိုင်နှင့် မြို့နယ် (၅၄) မြို့နယ်တွင် စီမံချက်ကာလအတွင်း အောက်ဖော်ပြပါလုပ်ငန်းရပ်များကို အကောင် အထည်ဖော် ဆောင်ရွက်ပါမည် -

(က) သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ တိုးချဲ့ပညာပေးစခန်း (Environmental Extension Center) များဖွင့်လှစ်ခြင်း။

(ခ) သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ထင်းအစားအခြားလောင်စာတိုးမြှင့်သုံးစွဲ ရေး လူထုပညာပေးဟောပြောပွဲများ ကျင်းပခြင်း၊ လက်ကမ်းစာစောင်များနှင့် စွမ်း အားမြှင့်အေဝမ်းမီးဖိုများ အခမဲ့ဖြန့်ဝေခြင်း။

(ဂ) ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စာစီစာကုံးနှင့် ဆောင်းပါးပြိုင်ပွဲများ ကျင်းပ ပြုလုပ်ခြင်း။

(ဃ) ဆုရစာစီစာကုံးနှင့် ဆောင်းပါးများကို စုစည်း၊ ပုံနှိပ် ဖြန့်ဝေခြင်း။

(င) ပြည်သူလူထုပူးပေါင်းပါဝင်သော လူထုလှုပ်ရှားမှုအသွင်ဖြင့် စုပေါင်းသစ်စေ့မြှုပ်ပွဲ နှင့် စုပေါင်း သစ်ပင်စိုက်ပွဲများ ကျင်းပပြုလုပ်ခြင်း။

(စ) ဒေသခံပြည်သူလူထုနှင့် ကျောင်းသူကျောင်းသားများ၏ အင်အားကိုရယူ၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အစိမ်းရောင်အဖွဲ့များနှင့် ပူးပေါင်းကာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လှုပ်ရှားမှုများ ဆောင်ရွက်ခြင်း။

(ဆ) ဒေသခံပြည်သူများ ကိုယ်တိုင်ပါဝင်ဆောင်ရွက်သည့် ပြည်သူဗဟိုပြုပျိုးဥယျာဉ် များ တည်ထောင်စေ၍ ပျိုးပင်များအား တစ်နိုင်တစ်ပိုင် ကိုယ်တိုင်စိုက်ပျိုးပြုစု၊ ထိန်းသိမ်းသုံးစွဲစေခြင်း။