နောက်ခံသမိုင်း

 မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းမိုးနည်းဒေသ၏ ပတ်ဝန်းကျင်အခြေအနေများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ချက်ဖြင့် မြေယာကျေးလက် တိုးတက်ကြီးပွားရေး   ကော်ပိုရေးရှင်း(မြေကျေးရှင်း)ကို ဖွဲ့စည်းခဲ့ပြီး ၁၉၅၃-၁၉၅၄ ဘဏ္ဍာနှစ်မှ ၁၉၆၂-၁၉၆၃ ဘဏ္ဍာနှစ်အထိ (၁၀)နှစ်ဆောင်ရွက်ခဲ့ပါသည်။ ၁၉၆၃ ခုနှစ်တွင် သစ်တောဦးစီးဌာနမှ ဆက်လက်တာဝန်ယူခဲ့ပြီး ၁၉၆၃-၁၉၆၄ ဘဏ္ဍာနှစ်မှ ၁၉၈၁-၁၉၈၂ ဘဏ္ဍာနှစ်အထိ         နှစ် (၂၀)အား၊ (၁၀)နှစ် စီမံကိန်း (၂)ရပ် သတ်မှတ်ရေးဆွဲ အကောင်အထည်ဖေါ်ခဲ့ပါသည်။ အဓိကအားဖြင့် မိတ္ထီလာခရိုင်တွင်သာ အများဆုံးဆောင်ရွက်ခဲ့ပြီး ပုပ္ပါးတောင် ရေဝေရေလဲ သစ်တောများပြန်လည်ထူထောင်၍ ကျေးရွာသစ်တောများနှင့် စံပြသစ်တောများကို ဦးစားပေး တည်ထောင်ခဲ့ပါသည်။ ၁၉၉၄-၁၉၉၅ ဘဏ္ဍာနှစ်တွင် အထူး‌ဒေသကိုးခရိုင် စိမ်းလန်းစိုပြည် ရေးစီမံကိန်း ပထမ(၃)နှစ်တာကာလအား စမ်းသပ်ကာလအဖြစ် သတ်မှတ်၍ စီမံကိန်းစတင် ခဲ့ပါသည်။ ၁၉၉၅-၁၉၉၆ ဘဏ္ဍာနှစ်တွင် (၉)ခရိုင်မှ (၁၃) ခရိုင်သို့ တိုးချဲ့ခဲ့ပြီး မြင်းခြံခရိုင် တွင် ရေဝေတောင်တန်းများ စိမ်းလန်းစိုပြည်ရေးအထူးလုပ်ငန်း စီမံကိန်း စတင်ဆောင်ရွက် ခဲ့ပါ သည်။

၁၉၉၇ ခုနှစ် စက်တင်ဘာလ(၁၈)ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့တွင် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးကို စတင်ဖွင့် လှစ်ခဲ့ပြီး တိုင်း‌ဒေသကြီး(၃)ခု၊ ခရိုင်(၁၃)ခရိုင်၊ မြို့နယ်(၅၇) မြို့နယ်ရှိ (၂၁.၅၅၇) သန်းဧက အကျယ်အဝန်းကို အရာထမ်း(၁၃၇)ဦး၊ အမှုထမ်း (၃၀၉၄)ဦး ပေါင်း(၃၂၃၁)ဦး တို့ဖြင့် စတင်ခဲ့ပြီး၊ ၂၀၀၀-၂၀၀၁ ဘဏ္ဍာနှစ်မှစတင်၍ မကွေးတိုင်း‌ဒေသကြီးရှိ ဂန့်ဂေါခရိုင် (ဂန့်ဂေါ၊ထီးလင်း၊ဆော) (၃)မြို့နယ်အားချန်လှပ်၍၊ (၁၂)ခရိုင်၊(၅၄)မြို့နယ်၊ အကျယ်အဝန်း (၂၀.၁၇)ဧကသန်းဖြင့် ပြင်ဆင်ဖွဲ့စည်း ဆောင်ရွက်ခဲ့ပါ သည်။

ပြည်ထဲရေး ဝန်ကြီးဌာန၏ ၁၉-၆-၂၀၁၃ ရက်စွဲပါ စာအမှတ်၊၂၀၀/၂၁-၇၉/ ဦး(၁) ၉၃၅၈)ဖြင့် ယင်းမာပင်၊ ဆားလင်းကြီး၊ ပုလဲ၊ ကနီမြို့နယ်များကို ယင်းမာပင် ခရိုင်အဖြစ် လည်းကောင်း၊ ၁၅-၁-၂၀၁၄ ရက်စွဲပါ အမိန့်ကြော်ငြာ စာအမှတ် (၄၁/၂၀၁၄)ဖြင့် ကျောက်ပန်းတောင်းမြို့နယ်အား ညောင်ဦးခရိုင်အတွင်းသို့ ထည့်သွင်းပြင်ဆင် ဖွဲ့စည်းခြင်းကြောင့်လည်းကောင်း၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနတွင်၊ (၁၃)ခရိုင်၊ (၅၄) မြို့နယ်ဖြင့် ပြင်ဆင်ဖွဲ့စည်းပြီး လက်ရှိလုပ်ငန်းများကို အကောင်အထည်ဖေါ် ဆောင်ရွက် လျက်ရှိပါသည်။ ထို့ပြင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်အတွင်းရှိ တပ်ကုန်းမြို့နယ်အား နေပြည်တော် ပြည်ထောင်စုနယ်မြေအတွင်းသို့ ထည့်သွင်းဖွဲ့စည်းခဲ့ပါသည်။ သို့ပါ၍ အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေးဦးစီးဌာနတွင် (၁၃)ခရိုင်၊ (၅၃) မြို့နယ် အကျယ်အဝန်း (၁၉.၅၂)ဧကသန်းဖြင့် ဖွဲ့စည်းပြီး လက်ရှိလုပ်ငန်းများကို အကောင်အထည်ဖေါ် ဆောင်ရွက်လျက် ရှိပါသည်။

ပြည်ထောင်စု ဝန်ကြီးရုံး၏ (၇-၉-၂၀၁၁) ရက်စွဲပါစာ အမှတ်၊ ၃/၂၇၀ (ဆ) (ထွေ)/ ၁၂၁၄/၂၀၁၁စာဖြင့် သစ်တောရေးရာဝန်ကြီးဌာနမှ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနဟု အမည်ပြောင်းလဲ သုံးစွဲခဲ့ပါသည်။ ထို့အပြင် နိုင်ငံတော်သမ္မတရုံး၏ (၃၀-၃-၂၀၁၆)ရက်စွဲပါ ကြေငြာချက် အမှတ်(၁/၂၀၁၆)ဖြင့် ပြည်ထောင်စုအစိုးရ ဖွဲ့စည်းခြင်း အရ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနအမည်မှ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အမည်ဖြင့် (၁-၄-၂၀၁၆)ရက်နေ့မှစ၍ ဝန်ကြီးဌာန အမည်ပြောင်းလဲသုံးစွဲခဲ့ပါသည်။